top of page

နိုင်ငံ၊ မိသားစု နှင့် သင့်အနာဂတ်

by xYz


This essay is part of the special series "Through the Light Holes" in collaboration with Myanmar Photo Archive.


‘နိုင်ငံ’ နှင့် ‘မိသားစု’ ဤစကားရပ် ၂-ခုကို နှိုင်းယှဉ်လေ့လာကြည့်မည်ဆိုလျှင် သုံးစွဲသော စကားလုံးအသုံးအနှုန်းအရ သော်လည်းကောင်း၊ စကားရပ်၏ နယ်ပယ် အကျယ်အဝန်းအားဖြင့် သော်လည်းကောင်း လွန်စွာကွာခြားသော်လည်း ထိုစကားရပ် ၂-ခုတွင် တူညီသော သဘောတရားများစွာ ပါရှိသည်ကို တွေ့ရပေသည်။

နိုင်ငံဟု ပြောရမည်ဆိုရင် ပထမဦးဆုံးတွေးမိသည်ကတော့ ကမ္ဘာလုံးပုံ ဝိုင်းဝိုင်းကြီး ပေါ်တွင် နယ်နမိတ်မျဉ်းရောင်စုံဖြင့် ရေးဆွဲထားသော မြေမျက်နှာသွင်ပြင်၊ ချမ်းသာကြွယ်၀မှု၊ နိုင်ငံရေးအယူဝါဒ အစရှိသည်ဖြင့် မတူကွဲပြားကြသော နေရာလေးတွေဖြစ်သည်။ ထိုသို့ အမျိုးမျိုး ကွဲပြားခြားနားသော်လည်း နိုင်ငံတစ်နိုင်ငံအဖြစ် ၎င်းတို့မှာ တူညီသော သဘောတရားများ ရှိပေသည်။ ပညာရှင်များ၏ အဆိုအရ နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိရန် သတ်မှတ်ထားသောနယ်နမိတ်၊ နယ်နမိတ်အတွင်း အခြေချနေထိုင်သော ပြည်သူ၊ ပြည်သူများ၏ သဘောဆန္ဒဖြင့် ရွေးချယ်ထားသော တရားဝင်အစိုးရ နှင့် ထိုအစိုးရသည် အခြားနိုင်ငံများနှင့် တန်းတူဆက်ဆံနိုင်သော အရည်အချင်းရှိရမည် ဟူသော အဓိကအချက် (၄) ချက်နှင့် ပြည့်စုံရပေမည်။ ထိုအချက်များထဲမှ တစ်ခုခုမပြည့်စုံပါက စစ်မှန်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု မယူဆနိုင်တော့ပေ။

“မိသားစု” ကို လေ့လာကြည့်မည်ဆိုလျှင်လည်း ‘နိုင်ငံ’ကဲ့သို့ပင် မိသားစုတစ်ခုနှင့် တစ်ခုသည် ၎င်းတို့၏ ဖွဲ့စည်းပုံ၊ ဓနအင်အား၊ မိသားစုကို ဦးဆောင်သည့်ပုဂ္ဂိုလ်၊ ၎င်း၏အရည်အသွေး၊ ဦးဆောင်နိုင်စွမ်း၊ မိသားစုဝင်များ၏ လုပ်ကိုင်နိုင်စွမ်း ၊ သင်ယူနိုင်စွမ်း အစရှိသည်တို့မှာ မတူညီကြချေ။ ငယ်ရွယ်စဉ်အခါက မိသားစုနှင့် အတူတကွ နေထိုင်တဲ့ ကိုယ့်ရဲ့အိမ်သည် ကိုယ်တွေအတွက်တော့ နိုင်ငံတစ်ခုသာမက ကိုယ့်ကမ္ဘာကြီးပါ။ ကိုယ့်အိမ်ကိုယ့်ဝင်းကို ခြံစည်းရိုးခတ်ထားကြပြီး ပြင်ပအန္တရာယ်တွေ မဝင်နိုင်အောင် ကာစည်းပေးထားတဲ့ ကိုယ့်နိုင်ငံလေးဖြစ်သကဲ့သို့ ကိုယ့်ရဲ့စားဝတ်နေရေးနဲ့ လူမှုကိစ္စအဝဝတွေကို ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို တာဝန်ယူကာကွယ် ဖြေရှင်းပေးခဲ့ကြတဲ့ ကိုယ့်အဖေနဲ့ ကိုယ့်အမေက ကိုယ့်နိုင်ငံရဲ့သူရဲကောင်းတွေပေါ့။ ကိုယ့်မိဘတွေရဲ့ အရိပ်အောက်မှာ ကိုယ့်နိုင်ငံကျဉ်းကျဉ်းလေးက လုံခြုံအေးချမ်း ပျော်ရွှင်စရာအတိပါပဲ။

အဲ့ဒီလိုနဲ့ ကျောင်းနေအရွယ်ရောက်၊ အတန်းပညာတွေသင်ယူရင်း ကမ္ဘာ.မြေပုံပေါ်မှာ ကိုယ့်ရဲ့နိုင်ငံကို ရှာဖွေကြည့်ပြီး ကိုယ့်အနာဂါတ်ကိုပုံဖေါ် ကြည်နူးခဲ့ဖူးတယ်။ ‘နိုင်ငံ’ ကို ကိုယ်ငယ်ငယ်ကနေထိုင်ခဲ့တဲ့ ကိုယ့် မိသားစု အိမ်နိုင်ငံလေးနဲ့ ပေါင်းစပ်တွေးခေါ်လိုက်ပြီး ယူဆကောက်ချက်ချ လိုက်မိတာက “မိသားစုတွေလိုပဲ နိုင်ငံမှာဆွဲထားတဲ့ နယ်နမိတ်မျဉ်းတွေအတိုင်း ခြံစည်းရိုးခတ်ထားတယ်လို့ပေါ့”။ ငယ်ငယ်က ကြည့်ဖူးတဲ့ရုပ်ရှင်ကားတွေထဲက မင်းနေပြည်တော်တွေလို အလုံပိတ်ကာထားပြီး အရပ်လေးမျက်နှာမှာ တံခါးပေါက်ကြီးတွေနဲ့လို့ ထင်ခဲ့ဖူးတာ။

တဖြည်းဖြည်း လေ့လာသင်ယူမှုတွေ များလာတော့မှ သိလာရတာက နိုင်ငံဆိုတာကို ကိုယ်တွေငယ်ငယ်ကလို ခြံစည်းရိုးနဲ့ ကာရံခွဲခြားထားတာ မဟုတ်ပဲ အချုပ်အခြာအာဏာနဲ့ ခွဲခြားထားတာပါလားလို့ သိလာရတယ်။ အိမ်တွေမှာ ခြံစည်းရိုး အခိုင်အခံ့ ကာရံပြီး မိသားစုကို လုံခြုံအောင် ကာကွယ်ထားသလိုပဲ နိုင်ငံမှာဆိုရင်လဲ ဂုဏ်သိက္ခာရှိတဲ့ အချုပ်အခြာအာဏာနဲ့သာ ကာရံထားမယ်ဆိုရင် မိသားစုတွေ နေထိုင်တဲ့ ခြံစည်းရိုးထက် ပိုမိုကျယ်ဝန်းလုံခြုံတဲ့ အကာအကွယ်ကို ရရှိစေမှာဖြစ်ကြောင်း သိလာရပါတယ်။ ဒီနေရာမှာ အချုပ်အခြာအာဏာဆိုတာက အသက်မဲ့တဲ့အာဏာကို ဆိုလိုတာမဟုတ်ပဲ အချုပ်အခြာအာဏာကို ကိုင်စွဲစီမံနေတဲ့ နိုင်ငံ့အစိုးရအဖွဲ့(အကြီးအကဲ)ကို ဆိုလိုပါတယ်။

သာမန်အားဖြင့်ဆိုရင် မိမိအိမ်ကို ခြံစည်းရိုးခတ်ပြီး ကာကွယ်ပေးထားခြင်းဖြင့် မိမိ မိသားစုက လုံခြုံစိတ်ချအောင် ကာကွယ်ထားပြီးဖြစ်တယ်လို့ ယူဆလို့ ရပါတယ်။ ဒါပေမယ့် တကယ်စစ်မှန်တဲ့ အကာအကွယ် ဆိုသည်မှာ မိမိသည် ခြံစည်းရိုးအတွင်းမှာဖြစ်စေ ခြံစည်းရိုးရဲ့ပြင်ပမှာ ဖြစ်စေ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကို အမှန်တကယ်လုံခြုံစိတ်ချရတယ်လို့ ခံစားရခြင်းပါ။ အဆိုပါခံစားချက်သည် မိမိ မိသားစုရဲ့ ဦးဆောင်သည့်ပုဂ္ဂိုလ်ပေါ်မှာမူတည်ပြီး ပေါက်ပွားလာတာပါ။ ဉပမာ - မိသားစုအကြီးအကဲက အဖေဆိုပါစို့။ မိမိရဲ့အဖေကသာ ရပ်ရွာထဲတွင် ဂုဏ်သိက္ခာရှိသောသူ၊ အရည်အချင်းရှိသောသူ၊ မိသားစုအပေါ်မှာ ချစ်ခင် ကာကွယ်တဲ့သူသာ ဖြစ်မယ်ဆိုရင် မိမိအား သူတပါးက အနိုင်မကျင့်ရဲ ၊ မတရားမလုပ်ရဲကြတော့ပေ။ မိမိရဲ့စိတ်ကလဲ လုံခြုံမှုကို ခံစားရပြီး ပျော်ရွှင်စွာဖြင့် မိမိလုပ်ဆောင်ရမည့် လုပ်ဆောင်သင့်တဲ့ကိစ္စတွေကို လုပ်ဆောင်နိုင်မည်။ တစ်ဆက်ထဲ မိမိရဲ့လုပ်ဆောင်နိုင်စွမ်းတွေလဲ တိုးတက်လာမည်။ မိမိရဲ့မိသားစုလဲ တိုးတက် လာမည်။ အဲ့လိုတိုးတက်လာတဲ့ မိသားစုတွေ ပေါင်းစည်းနေထိုင်တဲ့နိုင်ငံလဲ တိုးတက်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။

ထို့ပြင် မိသားစုကို ဦးဆောင်သည့်ပုဂ္ဂိုလ်နှင့် မိသားစုဝင်များ၏ အရည်အချင်း၊ စိတ်နေသဘောထား တို့ပေါ်တွင် မူတည်ပြီး ထိုမိသားစု၏ ဓနအင်အား ၊ လုံခြုံမှု ၊ နွေးထွေးမှု ၊ သက်တောင့်သက်သာရှိမှု ၊ ပျော်ရွှင်ချမ်းမြေ့မှုတို့နှင့် အနာဂါတ်အတွက် အာမခံရှိမှုတို့မှာ ကွဲပြားခြားနားကြပေသည်။ ထို့ကြောင့် မိသားစုတစ်စု၏ အောင်မြင်မှုသည် ထိုမိသားစုကို ဦးဆောင်သူ၏ အရည်အသွေး ၊ ဉာဏ်ပညာ ၊ မေတ္တာတရားတို့အပေါ်တွင် မူတည်နေကြောင်း တွေ့ရပေမည်။

ထိုကဲ့သို့ပင် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိပြီးပါက ထိုနိုင်ငံကို ဦးဆောင်သော အစိုးရအဖွဲ့၏ အရည်အသွေး ၊ တွေးခေါ်နိုင်မှုစွမ်းရည် ၊ ဂုဏ်သိက္ခာ၊ အခြားနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်စွမ်း ၊ ထိုဦးဆောင်သော အစိုးရအဖွဲ့နှင့် အကြီးအကဲအပေါ် အခြားနိုင်ငံများ၏ လက်ခံနိုင်မှုသဘောထား၊ ထိုဦးဆောင်သော အစိုးရအဖွဲ့နှင့် အကြီးအကဲ၏ ပြည်သူများအပေါ်သဘောထား - အစရှိသည်တို့အပေါ် မူတည်၍ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများ၏ အခွင့်အရေး ရရှိမှုတို့မှာ များစွာ ကွာခြားသွားပေလိမ့်မည်။

ထို့ကြောင့် နိုင်ငံနှင့် မိသားစုတို့၏ တူညီသော သဘောတရားများထဲမှ တစ်ခုမှာ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဦးဆောင်မည့်ပုဂ္ဂိုလ်၏ အရည်အချင်းပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။ အကယ်၍ မိမိ မိသားစု ၊ မိမိ နိုင်ငံကို ဦးဆောင်မည့်ပုဂ္ဂိုလ်မှာ အရည်အချင်းပြည့်မှီခြင်း မရှိပါက မည်ကဲ့သို့ ဖြေရှင်းကြမည်နည်း။ မိမိ၏ကံ မကောင်းသောကြောင့် ဤကဲ့သို့ ဦးဆောင်သူနှင့် တွေ့ရသည်ဟု ခေါင်းငုံ့ဖြေသိမ့်မည်လော။ မိမိကိုယ်တိုင်၊ မိမိမိသားစု၊ မိမိနိုင်ငံ အောင်မြင်တိုးတက်ရေးအတွက် ထိုအရည်အချင်းမပြည့်မှီသော ဦးဆောင်သူကို ဆန့်ကျင်လျှက် အရည်အချင်း ပြည့်မှီသော ဦးဆောင်သူနှင့် လက်တွဲဖော်ဆောင်မည်လော ၊ ဤမေးခွန်းအတွက် အဖြေသည် သင့်လက်ထဲမှာသာ ရှိပေသည်။ တနည်းဆိုရလျှင် သင်၏ပိုမိုကောင်းမွန် အောင်မြင်သော အနာဂါတ်မှာ သင့်လက်ထဲမှာသာ ရှိပေသည်။ သင့်အနာဂါတ်ကို သင်ကိုယ်တိုင်သာ ပုံဖော်ရေးဆွဲနိုင်ပေလိမ့်မည်။



စာရေးသူအကြောင်း


စာရေးသူမှာ xYz ဖြစ်သည်။ ၄င်း၏ဇာတိမှာ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်ဖြစ်ပြီး

လက်ရှိတွင် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် နေထိုင်သည်။ ၂၀၀၃ ခုနှစ်တွင် ဥပဒေဘွဲ့ကို

မုံရွာတက္ကသိုလ်မှ လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် မဟာဥပဒေဘွဲ့ကို ရတနာပုံတက္ကသိုလ်

မှလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ပါရဂူဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ လည်းကောင်း

ရရှိခဲ့ပါသည်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှစ၍ နည်းပြ၊ လက်ထောက်ကထိက၊

ကထိကရာထူးများဖြင့် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များ တွင်

တာ၀န်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် CDM

လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး ယနေ့အချိန်အထိ အလုပ်မှ ရပ်နားခဲ့သည်။ ယခု လက်ရှိတွင်

freelance legal advisor အဖြစ်နှင့် Private University အချို့တွင်

ဥပဒေပညာသင်တန်းများ ပို့ချလျက်ရှိပါသည်။

61 views0 comments

Recent Posts

See All
bottom of page